Monday, April 8, 2013

မေမေ့ဆီသို့


မေမေ့ဆီသို့

စိတ်မနာပါနဲ့ မေမေ
တစ်ခါတစ်လေ သမီးပြန်ခံပြောခဲ့ရင်
ဒါ သမီး အာခံတာမဟုတ်ပါဘူး မေမေ
လွတ်လပ်ခွင့်တစ်ချို့ လိုချင်မိရုံပါ…

စိတ်မရှုပ်ပါနဲ့ မေမေ
တစ်ခါတစ်လေ သမီး ပူဆာတာတွေများခဲ့ရင်
ဒါ သမီး လောဘကြီးတာ မဟုတ်ပါဘူး မေမေ
အလိုလိုက်မှုတစ်ချို့တစ်လေ ဖဲ့ယူမိချင်ရုံပါ…

စိတ်မပျက်ပါနဲ့ မေမေ
တစ်ခါတစ်လေ သမီး ရူံးနိမ့်ခဲ့ရင်
ဒါ သမီး အရှုံးပေးလိုက်တာ မဟုတ်ပါဘူး မေမေ
အနိုင်ယူဖို့ ခြေတစ်လှမ်းနောက်ဆုတ် အားယူရုံပါ…

စိတ်မညစ်ပါနဲ့ မေမေ
တစ်ခါတစ်လေ သမီးမိုက်ရူးရဲဆန်ခဲ့ရင်
ဒါ သမီး မိုက်မဲတာ မဟုတ်ပါဘူး မေမေ
အရာတစ်ချို့ကို စမ်းသပ်မိချင်ရုံပါ…

ဝမ်းမနည်းပါနဲ့ မေမေ
တစ်ချိန်မှာ သမီး ချစ်ရသူတွေ့ခဲ့ရင်
ဒါ မေမေ့ကို မချစ်တော့တာ မဟုတ်ပါဘူး မေမေ
သမီးတို့ ဘ၀ထဲ သူ့ကို ဆွဲသွင်းချင်ရုံပါ…

ခွင့်လွှတ်ပါ မေမေ
သမီး မှားယွင်းတာရှိခဲ့ရင်
ဒါ သမီး မလိမ္မာတာ မဟုတ်ပါဘူး မေမေ
မသိတတ်သေးတဲ့ လူငယ်တစ်ယောက်မို့ပါ…

ခိုင်သစ္စာ

1 comment:

  1. ဝမ်းမနည်းပါနဲ့ မေမေ
    တစ်ချိန်မှာ သမီး ချစ်ရသူတွေ့ခဲ့ရင်
    ဒါ မေမေ့ကို မချစ်တော့တာ မဟုတ်ပါဘူး မေမေ
    သမီးတို့ ဘ၀ထဲ သူ့ကို ဆွဲသွင်းချင်ရုံပါ

    ကျနော့်အမေကိုလည်း ဒီကဗျာလေး ရွတ်ပြရရင် ကောင်းမယ်

    ReplyDelete

ဟိတ် ... ဟိတ်
ဒီအတိုင်း လှည့်ပြန်မသွားရ
တစ်ခုခု ပြောခဲ့