Saturday, June 15, 2013

ရိုးဖြောင့်မှု

ရိုးဖြောင့်မှု

ဟုတ်ကဲ့။
လောကမှာ တစ်နေရာစာရဖို့
ရိုးဖြောင့်ခြင်းကို လွှတ်ချခဲ့ရမယ်ဆိုရင်
.
.
.
.
.
နေပါစေ....
ကျွန်မ သင်းကွဲသာ အဖြစ်ခံလိုက်ပါမယ်

ဖြူစင်မှု

အပြုံးတွေ ညစ်နွမ်းခဲ့ရင်တောင်
နှလုံးသားကိုတော့ ဖြူစင်စေချင်တယ်

ကချင်လွယ်အိတ်လေး

 ကချင်လွယ်အိတ်လေး

        ပန်းနုကျောင်းသွားရန် အ၀တ်ဗီရိုရှေ့ ခြေစုံရပ်မိတိုင်း အတွေးနက်လေ့ရှိသည်။ ဗီရိုညာဘက် အပေါ်ကန့်လေးထဲတွင် သူမ တန်ဖိုးထားသော ပစ္စည်းများ သိမ်းထားလေ့ရှိသည်။ ထိုပစ္စည်းတွေထဲမှ ကချင်လွယ်အိတ်လေးကို သူမ တန်ဖိုးအထားဆုံးဖြစ်သည်။ သူများအတွက်တော့ တန်ဖိုးမရှိသော လွယ်အိတ်တစ်လုံးမျှသာ ဖြစ်သော်လည်း ပန်းနုအတွက်တော့ အဓိပ္ပါယ်ရှိလှသည်။

        ကချင်လွယ်အိတ်လေးကို ပန်းနု၏အဘွား၊ မေမေ့၏ အမေ ပေးခဲ့ခြင်းဖြစ်သည်။ ဘွားဘွားဆုံးခဲ့သည်မှာ မနက်ဖြန်ဆိုလျှင် တစ်နှစ်ပင်ပြည့်တော့မည်။ ဘွားဘွားက ပန်းနုကို ဘွဲ့ဝတ်စုံဖြင့် သိပ်မြင်ချင်သူဖြစ်သည်။ ပန်းနု ဒီမှာ တက္ကသိုလ်မတက်ဘဲ စင်ကာပူမှာ ကျောင်းသွားတက်မည်ဆိုစဉ်က အပြင်းအထန်ကန့်ကွက်ခဲ့လေသည်။ ပန်းနုကို တပတ်လောက် စိတ်ဆိုးကာ စကားမပြောဘဲ စိတ်ကောက်ပြခဲ့လေသည်။ နောက်ဆုံး ပန်းနုစိတ်လျှော့ကာ ဒီမှာ ဘွဲ့ရတဲ့အထိ ကျောင်းဆက်တက်ပါမည်ဆိုမှ စိတ်ကောက်ပြေခဲ့လေသည်။

       ဘွားဘွားက အလွန်စိတ်ကြီးသော်လည်း စိတ်ဆိုးခဲသည်။ ဘွားဘွားမျက်နှာမှာ အမြဲပြုံးနေတတ်သည်။ ဘွားဘွားမှာ မြေး ၆ ယောက်ရှိသော်လည်း ပန်းနုကိုသာ အချစ်ပိုခဲ့သည်။ ပန်းနု ဆယ်တန်းအောင်စာရင်းထွက်သောနေ့က ဘွားဘွား ပန်းနုကို ကချင်လွယ်အိတ်လေး ဆုချခဲ့သည်။ ပန်းနုက "ဘွားဘွားကလည်း ကချင်လွယ်အိတ်ပဲလား" ဟု ပြန်မေးတော့ ဘွားဘွားက "ပန်းနုလေး အထဲကို ကြည့်လိုက်ဦး" ဟုပြန်ဖြေခဲ့လေသည်။

       လွယ်အိတ်ထဲတွင် လက်စွပ်လေးတစ်ကွင်း။ လက်စွပ်က ပန်းနုလက်နှင့်ကွက်တိ။ ထိုအချိန်တွင် ဘွားဘွားက "ပန်းနုလေး၊ ဒီလွယ်အိတ်ထဲက လက်စွပ်လိုပဲ။ အပြင်ပန်းကိုကြည့်ပြီး ဘယ်တော့မှ မဆုံးဖြတ်နဲ့။ အပြင်ပန်းကြောင့် ပန်းနုလေး ဂရုမစိုက်ခဲ့ရင် အထဲက လက်စွပ်လေးကို ပိုင်ဆိုင်ရမှာ မဟုတ်ဘူး" လို့ ပြောခဲ့တယ်။

        ဟုတ်သည်။ ပန်းနုက အပြင်ပန်းသိပ်ကြည့်လွန်းသည်။ ဒါပေမဲ့ ဘွားဘွားရေ၊ ပန်းနု ပြောင်းလဲနေပါပြီ။ ဘွားဘွား သိပ်မြင်ချင်တဲ့ ဘွဲ့ဝတ်စုံနဲ့ ပန်းနုကို ဘွားဘွား မမြင်ရတော့ဘူးနော်။ လောကကြီးက ရက်စက်လွန်းလှသည်။ ဘွားဘွား လည်ချောင်းကင်ဆာဖြစ်ပြီး ခြောက်လအကြာမှာ ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပန်းနုဘ၀ထဲက ဘွားဘွား ထွက်သွားတယ်နော်။

       ပန်းနုကို ဘွဲ့ဝတ်စုံနဲ့ မြင်ချင်တယ်ဆိုတဲ့ ဘွားဘွား၊ ပန်းနုကို သိပ်ချစ်လွန်းတဲ့ ဘွားဘွား ခုတော့ ပန်းနုကို ထားခဲ့တာ တစ်နှစ်တောင် ပြည့်တော့မယ်။ ဘွားဘွားရေ.. ပန်းနု ဘွားဘွား ဖြစ်စေချင်တဲ့ အတိုင်း ဘွဲ့ရအောင် ကြိုးစားပါ့မယ်။ ဒါပေမဲ့ ပန်းနု ဘွဲ့ယူတဲ့ အချိန်ကို ဘွားဘွား မမြင်နိုင်တော့ဘူးနော်။ ဒါပေမဲ့ ဘွားဘွားရဲ့ ၀ိညာဉ်ကတော့ ပန်းနုဘေးမှာ ရှိနေပေးမယ်မလား။ ဒီအတွေးက မကောင်းမှန်းသိပါတယ်။ ဒါပေမဲ့ ပန်းနု ဘွားဘွားကို မမေ့နိုင်သေးဘူး။ ဘွားဘွားနဲ့လည်း မခွဲချင်သေးဘူး။

       "သမီး ပန်းနုရေ၊ မပြီးသေးဘူးလား " အောက်ထပ်က မေမေ့ခေါ်သံ ကြားမှပင် ပန်းနုအတွေးတို့ ရပ်တော့သည်။ "လာပြီမေမေ" ဟုဆိုကာ အောက်ထပ်ပြေးဆင်းပြီး ကျောင်းသို့ ထွက်လာသော်လည်း စိတ်တို့က ကချင်လွယ်အိတ်လေးဆီမှာသာ။

       ဘွားဘွားကို ပန်းနု မမေ့ခဲ့ပါဘူး ဘွားဘွား။ 

ခိုင်သစ္စာ

နွေရင်ခွင်ထဲက ဆူး

နွေရင်ခွင်ထဲက ဆူး

         နွေ ၀ရံတာမှာ ထွက်ထိုင်နေတာ နာရီဝက်လောက် ရှိနေပေလိမ့်မည်။ သိပ်မကြာခင် ပြန်ဝင်ရတော့မည်။ အချိန်က ညအတော်နက်နေပြီလေ။ မနက်နှစ်နာရီထိ နွေ မအိပ်သေးဘဲ တိတ်ဆိတ်နေတဲ့ ကောင်းကင်ကိုကြည့်ပြီး သက်ပြင်းတွေ ချခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ပင်။ နွေ သက်ပြင်းတွေနဲ့ လုံးထွေးနေချိန်မှာ ညီမငယ် နှင်းကတော့ မေမေနဲ့အတူ နှစ်ခြိုက်စွာ အိပ်ပျော်နေပေလိမ့်မည်။

         နွေ နဲ့ နှင်း။ နာမည်တင် ဆန့်ကျင်ဘက်မဟုတ်။ အကျင့်စရိုက် အမူအကျင့်များပါ ကွဲပြားနေသော ညီအစ်မ နှစ်ယောက်။ ခံစားရသော မိဘမေတ္ထာချင်းလည်း ကွာပေဦးမည်။ ဒီနေ့ မေမေ့ကို နွေ ကျောင်းဆက်တက်ဖို့ ပူဆာမိသည်။ နွေ ဘွဲ့ရပြီး နိုင်ငံခြားသွား ကျောင်းတက်ဖို့ နွေ့အဒေါ်က ထောက်ပံ့ပေးမည်ကို ခွင့်ပြုဖို့ တောင်းဆိုမိခြင်း။ ထိုတောင်းဆိုမှုမှာ လွယ်လွယ်နှင့်ပင် ပယ်ချခံခဲ့ရသည်။ မလိုအပ်ဆိုသော ခေါင်းစဉ်တစ်ခုအောက်မှာ နွေ့တောင်းဆိုမှုတွေ အရည်ပျော်ခဲ့ရသည်။

        နွေ့ဘ၀မှာ အခွင့်အရေးများစွာ မရခဲ့ဖူးပေ။ အ၀တ်အစားသစ် မပူဆာတတ်သောနွေ ညီမငယ် နှင်းကို မေမေ အကျီင်္သစ်တွေ ၀ယ်ပေးတိုင်း မျက်နှာလွှဲခဲ့ရတာ အကြိမ်ကြိမ်။ နွေကမှ မပူဆာတာ ဆိုတဲ့ နှင်းရဲ့ သတ်မှတ်ချက်အောက်မှာ မေမေ့တို့ကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေလိုတဲ့ နွေ့ခံယူချက်တွေ ယိမ်းယိုင်ခဲ့ရတာ အကြိမ်ကြိမ်။

       နှင်းမွေးနေ့မှာ မေမေက မွေးနေ့လက်ဆောင်ဆိုပြီး လက်စွပ်ဝယ်ပေးသတဲ့လေ။ ဒါ နွေ မသိလိုက်သော ဖြစ်ရပ်တစ်ခု။ နှင်း လက်ပေါ်မှာ လက်စွပ်လေး တွေ့လို့ မေးကြည့်မှ နွေ သိရတာ။ သိန်းနှစ်ဆယ်တန် လက်စွပ်တစ်ကွင်းကို သမီးငယ်အတွက် ၀ယ်ပေးခဲ့သော နွေ့မိဘများသည် ကုန်ကျစရာ မလိုသော ရိုးရှင်းတဲ့ ခွင့်ပြုချက်အတွက် ဘာကြောင့် ခေါင်းခါခဲ့မှန်း နွေ မတွေးတတ်ချေ။ နွေ အတွေးလွန်နေသည်ပဲ ဖြစ်ပါစေတော့။

       နွေ သိပ်မကြာခင် ကျောင်းပြီးတော့မည်။ ရှေ့ဆက် ဘာလုပ်ရမလဲ မသဲကွဲ။ သေချာတာတစ်ခုက နွေ ကလေးတွေကို စာဆက်သင်ဖို့။ လူလတ်တန်းစား မိသားစုက ပေါက်ဖွားလာတဲ့ နွေ့အတွက် စားဝတ်နေရေးအတွက် ရုန်းကန်နေစရာ မလိုသေးပေမဲ့ မိဘဆီက လက်ဖြန့်တောင်းဖို့ ခွင့်မပြုတဲ့ အသိစိတ်ကြောင့် နွေ တက္ကသိုလ် စတက်ကတည်းက ကိုယ့်အားကိုယ်ကိုးပြီး မုန့်ဖိုးရှာခဲ့သည်။

             ဆယ်တန်းကို ငါးဘာသာနဲ့ အောင်မြင်ပြီး ဆေးကျောင်းတက်နေတဲ့ နွေ့အဖို့ ဆယ်တန်းကျောင်းသားတွေကို စာပြန်ပြပေးခြင်းက တစ်ခုတည်းသော အလုပ်။ ဆယ်တန်း နှစ်ယောက်နဲ့ ကလေးတန်း တစ်ယောက်ကို စာပြပေးလျှင်ပင် နွေ့လစာ နှစ်သိန်းက အတော်များနေပြီဟု ဆိုနိုင်သည်။

            ပထမဆုံးစရတဲ့ လစာက ငါးသောင်း။ ထိုဦးဆုံးလစာကို ဖေဖေနဲ့ မေမေကို နွေ ကန်တော့ခဲ့သည်။ စာသင်တဲ့ အချိန်ကစပြီ ရသမျှ လစာ မေမေတို့ဆီ နွေ အကုန်ပြန်ပေးပြီး နွေ့အတွက် တစ်လ သုံးသောင်းသာ   ပြန်ထုတ်ယူခဲ့တာပါ။ နွေ့အတွက် မေမေတို့ ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူးလေ။

           နွေသည်လည်း ဆယ်ကျော်သက် လူငယ်တစ်ယောက်ပဲ။ သူများသုံးသလို၊ ၀တ်သလို၊ နေသလို နေခွင့် ရချင်ခဲ့မိသည်။ ထို့ကြောင့် ဖုန်းဘေလ်၊ ဘတ်စ်ကားခ၊ မုန့်ဖိုးတွေကြား မျှခြေနည်းလာလို့ တစ်လ ငါးသောင်းလောက် သုံးခွင့်ပေးပါဆိုတော့ မေမေရဲ့ စကားသံက နွေ့ရင်ကို နင့်သွားစေမိသည်။ သိပ်အသုံးအဖြုန်းကြီးတာပဲ မိနွေတဲ့လား။

           နွေ့သူငယ်ချင်းတွေ သုံးတဲ့ စက္ကူချပ်ရေ အရေအတွကို မရွတ်ပြချင်ပါဘူး။ သိန်းချီတဲ့ Handset တွေအကြောင်း၊ ပမာဏတစ်ခုထိ အမြဲရှိနေတတ်တဲ့ ဘဏ်အကောင့်တွေ အကြောင်းကို နွေ မေမေ သိအောင် မပြောပြချင်တော့ပါဘူး။ နွေ အသုံးကြမ်းတယ်ပဲ မြင်ပါစေတော့လေ။

          နှင်း ပူဆာသမျှ မကြောင့်မကြ ဖြည့်ဆည်းပေးတတ်တဲ့ နွေ့မိဘတွေက နွေ့အလှည့်ရောက်တိုင်း မလိုသေးဘူးမလား ဆိုတဲ့ စကားကို ရေလဲလို ဘာလို့ အကြိမ်ကြိမ် သုံးတတ်ကြတာလဲ။ နှင်း ခုချိန်ထိ လက်ထဲမှာ ပိုက်ဆံဆိုတာ ပြတ်တယ်မရှိဘဲ သွားလာလှုပ်ရှားနေခဲ့တာနဲ့ယှဉ်ရင် မိဘဆီက လက်ဖြန့်မတောင်းချင်တဲ့ စိတ်နဲ့ စာသင်မိတဲ့ ကိုယ့်စိတ်ဓါတ်ကိုပဲ နွေ အပြစ်တင်မိတော့တယ်။ သူများတွေလို မိုးခါးရေ သောက်တတ်အောင် ကြိုးစားပါလား မိနွေ။

         အခုလဲ နွေ နဲ့ နှင်း ဘယ်လိုပြိုင်ပြိုင် ဖေဖေခရီးသွားတိုင်း မေမေ့ဘေးက အိပ်ယာဟာ နှင်းအတွက်သာ ဖြစ်နေခဲ့သည်ပဲ။ တစ်ခါတစ်လေတော့လဲ မေမေ့ကို နွေ့ရင်ထဲ ရှိသမျှ ထုတ်ပြောပြချင်လှသည်။ နွေလည်း မေမေခွံ့ကျွေးတဲ့ ထမင်းလုတ် စားဖူးချင်တဲ့ အကြောင်း၊ မေမေ့ကို ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်တဲ့ အကြောင်း၊ မိနွေဆိုတဲ့ ခေါ်သံအစား သမီးလို့ နွေးနွေးထွေးထွေး ခေါ်သံကို ကြားချင်တဲ့ အကြောင်းတွေ မေမေ့ကို နွေ အခွင့်ရရင် ပြောပြချင်ပါတယ်။

        ဟော... မျက်ရည်တွေက ကျလာပြန်ပြီ။ နွေ ဒီအကြောင်းတွေ တွေးမိတိုင်း မျက်ရည်တွေက မငိုဘဲ ကျကျလာတယ်။ နွေမှ မငိုပဲ ဒီမျက်ရည်တွေ ဘာလို့ ကျရတာလဲ။ နွေ ဒီမျက်ရည်တွေကို မုန်းလိုက်တာ။ ဒါပေမဲ့ နွေ့မျက်ရည်တွေကို သုတ်ပေးမဲ့သူဟာ မေမေဖြစ်ဖို့ နွေ တိတ်တိတ်လေး မျှော်လင့်နေမိသေးတယ်။

       အခန်းထဲက လှုပ်ရှားသံ သဲ့သဲ့ကြားရပြီ။ မေမေ တရေးနိုးလာပြီထင်တယ်။ ခဏနေရင် မေမေ့ရဲ့ "မိနွေ မီးမှိတ်ပြီး အိပ်တော့။ မီတာခတွေ ဈေးကြီးတယ်" ဆိုတဲ့ အသံ၊ နွေ့ရဲ့ "ဟုတ်၊ နွေ ခုပဲ အိပ်တော့မှာ" ဆိုတဲ့ ပြန်ဖြေသံတွေ ကြားရပြီ။ နွေ့နေရာမှာ နှင်းသာဆိုရင် "သမီး အိပ်မပျော်ဘူးလား" မေမေ မေးမှာလားလို့ မဆီမဆိုင် တွေးမိသွားသေးတယ်။

       အိပ်ရာထဲ ၀င်တော့ မေမေ နွေ့ကို ချစ်မှာပါ၊ မေမေက နွေ့ကို ချစ်ပါတယ် ဆိုတဲ့ အတွေးနဲ့ မျက်စိမှိတ်ပြီး အိပ်ပျော်အောင် ကြိုးစားနေမိတယ်။ နွေ့ဘေးမှာ မေမေ တူတူလာအိပ်ပေးတယ်ဆိုတဲ့ အိမ်မက်တစ်ခုနဲ့ပေါ့။


ခိုင်သစ္စာ

19 နှစ်ပြည့်ပြီ

19 နှစ်ပြည့်ပြီတဲ့လား
ဘ၀ထဲ စရောက်ပြီမှတ်တယ်
လှိုင်းလုံးတွေက ညင်သာနေသေးလားလို့
ဒီရေ အတက်အကျဆိုတာ
နှေးနေသေးတယ်...
သောင်ယံနဲ့ မဝေးတော့ဘူး
ထင်ထားပေမဲ့
နေလုံးဟာ
ကမ်းစပ်မှာ မေးတင်လျက်သား....


ခိုင်သစ္စာ


>>>၁၉ နှစ်ပြည့် မွေးနေ့အမှတ်တရ

Monday, April 8, 2013

ရင်ဆိုင်နိုင်စွမ်း

ဘဝမှာ အခက်အခဲဆိုတာ ရှိပါတယ်။ ဒုက္ခတွေဆိုတာလည်း ကြုံရမှာပဲ။ အဲဒီတော့ အခက်အခခဲတွေကို ညည်းတွားမယ့်အစား တခြားရူထောင့်ကနေ ပြောင်းကြည့်လိုက်ပါ။

လောက က မဖြေရှင်းနိုင်တဲ့ အခက်အခဲကို မပေးထားပါဘူး။ အခက်အခဲတစ်ခုကို ကိုယ် မရှင်းနိုင်ဘူးလို့ တွေးမိတဲ့အခါ စဉ်းစားလိုက်ပါ။ ကိုယ်ရဲ့ အဆင့်မြင့်လာလို့ ပိုခက်တဲ့ အခက်အခဲနဲ့ ရင်ဆိုင်ရတာလို့။

ဟုတ်ကဲ့။ ခက်ခဲမှုတွေနဲ့ ကြုံရတိုင်း ကိုယ့်ဘာသာကိုယ် ကွန်ဂရက်ကျူလေးရှင်း လုပ်ပါ။ ငါ အဆင့် တစ်ခုတက်ခဲ့ပြီလို့ စဉ်းစားမိရင် အခက်အခဲတွေကို ရင်ဆိုင်နိုင်စွမ်းရှိသွားမှာပါ။

~ ခိုင်သစ္စာ ~

ဘ၀သမား


 ဘ၀သမား

နင်က ပုဇွန်ဆီပြန်ဟင်းနဲ့
ခံတွင်းပျက်ချိန်မှာ
ငါက ချဉ်ရည်ဟင်းနဲ့
ထမင်းမြိန်ခဲ့ဖူးတယ်။

နင်က ကားဆိုမော်ဒယ်မြင့်မှလို့
ဂျီကျနေချိန်
ငါက လွယ်အိတ်စလွယ်သိုင်းနဲ့
တစ်ရာတန် ဘတ်စ်ကား
တွယ်စီးခဲ့ဖူးတယ်။

အထပ်နှစ်ဆယ်က ကော်ဖီနဲ့မှ
နင်က ရေငတ်ပြေပေမဲ့
ရေသန့်တစ်ပုလင်း နှစ်ရာတည်းနဲ့
ငါ ရေငတ်ခြင်းကိစ္စ ဖြေရှင်းခဲ့တယ်။

အဲကွန်းခန်းထဲ
နင်လူးလိမ့်ချိန်မှာ
နွေးထွေးတဲ့ အမေ့ရင်ခွင်ထဲက
ကျောတစ်ခင်းစာ နေရာမှာ
ငါ့အိပ်စက်ခြင်းတွေ တည်ရှိခဲ့တယ်။

နင့်ရဲ့
သိန်းချီတဲ့ မုန့်ဖိုးတွေထက်
ငါ့ရဲ့ လစာ လေးသောင်းခွဲကို ပိုမက်တယ်။

နင်က နေရာတစ်ခုအတွက်
လေထီးနဲ့ ခုန်ဆင်းရပေမဲ့
ငါက ဘ၀ကို
လှေကားထောင်တက်ရသူ….

ဒီမှာ သူငယ်ချင်း….
ငါ့ကို မရှုတ်ချပါနဲ့။
ညည်းတွားလိုက်တာလို့ အပြစ်မတင်ပါနဲ့။
ငါ့နေရာ ငါ့ဘဝ
ငါ့အခက်အခဲ ငါ့အခြေအနေ
နင်ခြေစုံရပ်လို့ ၀င်ကြည့်လိုက်ပါ။
ပထမတစ်လှမ်းမှာတင် နင်ကျရှုံးသွားမှာ…..

ခိုင်သစ္စာ