Saturday, June 15, 2013

နွေရင်ခွင်ထဲက ဆူး

နွေရင်ခွင်ထဲက ဆူး

         နွေ ၀ရံတာမှာ ထွက်ထိုင်နေတာ နာရီဝက်လောက် ရှိနေပေလိမ့်မည်။ သိပ်မကြာခင် ပြန်ဝင်ရတော့မည်။ အချိန်က ညအတော်နက်နေပြီလေ။ မနက်နှစ်နာရီထိ နွေ မအိပ်သေးဘဲ တိတ်ဆိတ်နေတဲ့ ကောင်းကင်ကိုကြည့်ပြီး သက်ပြင်းတွေ ချခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ပင်။ နွေ သက်ပြင်းတွေနဲ့ လုံးထွေးနေချိန်မှာ ညီမငယ် နှင်းကတော့ မေမေနဲ့အတူ နှစ်ခြိုက်စွာ အိပ်ပျော်နေပေလိမ့်မည်။

         နွေ နဲ့ နှင်း။ နာမည်တင် ဆန့်ကျင်ဘက်မဟုတ်။ အကျင့်စရိုက် အမူအကျင့်များပါ ကွဲပြားနေသော ညီအစ်မ နှစ်ယောက်။ ခံစားရသော မိဘမေတ္ထာချင်းလည်း ကွာပေဦးမည်။ ဒီနေ့ မေမေ့ကို နွေ ကျောင်းဆက်တက်ဖို့ ပူဆာမိသည်။ နွေ ဘွဲ့ရပြီး နိုင်ငံခြားသွား ကျောင်းတက်ဖို့ နွေ့အဒေါ်က ထောက်ပံ့ပေးမည်ကို ခွင့်ပြုဖို့ တောင်းဆိုမိခြင်း။ ထိုတောင်းဆိုမှုမှာ လွယ်လွယ်နှင့်ပင် ပယ်ချခံခဲ့ရသည်။ မလိုအပ်ဆိုသော ခေါင်းစဉ်တစ်ခုအောက်မှာ နွေ့တောင်းဆိုမှုတွေ အရည်ပျော်ခဲ့ရသည်။

        နွေ့ဘ၀မှာ အခွင့်အရေးများစွာ မရခဲ့ဖူးပေ။ အ၀တ်အစားသစ် မပူဆာတတ်သောနွေ ညီမငယ် နှင်းကို မေမေ အကျီင်္သစ်တွေ ၀ယ်ပေးတိုင်း မျက်နှာလွှဲခဲ့ရတာ အကြိမ်ကြိမ်။ နွေကမှ မပူဆာတာ ဆိုတဲ့ နှင်းရဲ့ သတ်မှတ်ချက်အောက်မှာ မေမေ့တို့ကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေလိုတဲ့ နွေ့ခံယူချက်တွေ ယိမ်းယိုင်ခဲ့ရတာ အကြိမ်ကြိမ်။

       နှင်းမွေးနေ့မှာ မေမေက မွေးနေ့လက်ဆောင်ဆိုပြီး လက်စွပ်ဝယ်ပေးသတဲ့လေ။ ဒါ နွေ မသိလိုက်သော ဖြစ်ရပ်တစ်ခု။ နှင်း လက်ပေါ်မှာ လက်စွပ်လေး တွေ့လို့ မေးကြည့်မှ နွေ သိရတာ။ သိန်းနှစ်ဆယ်တန် လက်စွပ်တစ်ကွင်းကို သမီးငယ်အတွက် ၀ယ်ပေးခဲ့သော နွေ့မိဘများသည် ကုန်ကျစရာ မလိုသော ရိုးရှင်းတဲ့ ခွင့်ပြုချက်အတွက် ဘာကြောင့် ခေါင်းခါခဲ့မှန်း နွေ မတွေးတတ်ချေ။ နွေ အတွေးလွန်နေသည်ပဲ ဖြစ်ပါစေတော့။

       နွေ သိပ်မကြာခင် ကျောင်းပြီးတော့မည်။ ရှေ့ဆက် ဘာလုပ်ရမလဲ မသဲကွဲ။ သေချာတာတစ်ခုက နွေ ကလေးတွေကို စာဆက်သင်ဖို့။ လူလတ်တန်းစား မိသားစုက ပေါက်ဖွားလာတဲ့ နွေ့အတွက် စားဝတ်နေရေးအတွက် ရုန်းကန်နေစရာ မလိုသေးပေမဲ့ မိဘဆီက လက်ဖြန့်တောင်းဖို့ ခွင့်မပြုတဲ့ အသိစိတ်ကြောင့် နွေ တက္ကသိုလ် စတက်ကတည်းက ကိုယ့်အားကိုယ်ကိုးပြီး မုန့်ဖိုးရှာခဲ့သည်။

             ဆယ်တန်းကို ငါးဘာသာနဲ့ အောင်မြင်ပြီး ဆေးကျောင်းတက်နေတဲ့ နွေ့အဖို့ ဆယ်တန်းကျောင်းသားတွေကို စာပြန်ပြပေးခြင်းက တစ်ခုတည်းသော အလုပ်။ ဆယ်တန်း နှစ်ယောက်နဲ့ ကလေးတန်း တစ်ယောက်ကို စာပြပေးလျှင်ပင် နွေ့လစာ နှစ်သိန်းက အတော်များနေပြီဟု ဆိုနိုင်သည်။

            ပထမဆုံးစရတဲ့ လစာက ငါးသောင်း။ ထိုဦးဆုံးလစာကို ဖေဖေနဲ့ မေမေကို နွေ ကန်တော့ခဲ့သည်။ စာသင်တဲ့ အချိန်ကစပြီ ရသမျှ လစာ မေမေတို့ဆီ နွေ အကုန်ပြန်ပေးပြီး နွေ့အတွက် တစ်လ သုံးသောင်းသာ   ပြန်ထုတ်ယူခဲ့တာပါ။ နွေ့အတွက် မေမေတို့ ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင်ပါဘူးလေ။

           နွေသည်လည်း ဆယ်ကျော်သက် လူငယ်တစ်ယောက်ပဲ။ သူများသုံးသလို၊ ၀တ်သလို၊ နေသလို နေခွင့် ရချင်ခဲ့မိသည်။ ထို့ကြောင့် ဖုန်းဘေလ်၊ ဘတ်စ်ကားခ၊ မုန့်ဖိုးတွေကြား မျှခြေနည်းလာလို့ တစ်လ ငါးသောင်းလောက် သုံးခွင့်ပေးပါဆိုတော့ မေမေရဲ့ စကားသံက နွေ့ရင်ကို နင့်သွားစေမိသည်။ သိပ်အသုံးအဖြုန်းကြီးတာပဲ မိနွေတဲ့လား။

           နွေ့သူငယ်ချင်းတွေ သုံးတဲ့ စက္ကူချပ်ရေ အရေအတွကို မရွတ်ပြချင်ပါဘူး။ သိန်းချီတဲ့ Handset တွေအကြောင်း၊ ပမာဏတစ်ခုထိ အမြဲရှိနေတတ်တဲ့ ဘဏ်အကောင့်တွေ အကြောင်းကို နွေ မေမေ သိအောင် မပြောပြချင်တော့ပါဘူး။ နွေ အသုံးကြမ်းတယ်ပဲ မြင်ပါစေတော့လေ။

          နှင်း ပူဆာသမျှ မကြောင့်မကြ ဖြည့်ဆည်းပေးတတ်တဲ့ နွေ့မိဘတွေက နွေ့အလှည့်ရောက်တိုင်း မလိုသေးဘူးမလား ဆိုတဲ့ စကားကို ရေလဲလို ဘာလို့ အကြိမ်ကြိမ် သုံးတတ်ကြတာလဲ။ နှင်း ခုချိန်ထိ လက်ထဲမှာ ပိုက်ဆံဆိုတာ ပြတ်တယ်မရှိဘဲ သွားလာလှုပ်ရှားနေခဲ့တာနဲ့ယှဉ်ရင် မိဘဆီက လက်ဖြန့်မတောင်းချင်တဲ့ စိတ်နဲ့ စာသင်မိတဲ့ ကိုယ့်စိတ်ဓါတ်ကိုပဲ နွေ အပြစ်တင်မိတော့တယ်။ သူများတွေလို မိုးခါးရေ သောက်တတ်အောင် ကြိုးစားပါလား မိနွေ။

         အခုလဲ နွေ နဲ့ နှင်း ဘယ်လိုပြိုင်ပြိုင် ဖေဖေခရီးသွားတိုင်း မေမေ့ဘေးက အိပ်ယာဟာ နှင်းအတွက်သာ ဖြစ်နေခဲ့သည်ပဲ။ တစ်ခါတစ်လေတော့လဲ မေမေ့ကို နွေ့ရင်ထဲ ရှိသမျှ ထုတ်ပြောပြချင်လှသည်။ နွေလည်း မေမေခွံ့ကျွေးတဲ့ ထမင်းလုတ် စားဖူးချင်တဲ့ အကြောင်း၊ မေမေ့ကို ဖက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ချင်တဲ့ အကြောင်း၊ မိနွေဆိုတဲ့ ခေါ်သံအစား သမီးလို့ နွေးနွေးထွေးထွေး ခေါ်သံကို ကြားချင်တဲ့ အကြောင်းတွေ မေမေ့ကို နွေ အခွင့်ရရင် ပြောပြချင်ပါတယ်။

        ဟော... မျက်ရည်တွေက ကျလာပြန်ပြီ။ နွေ ဒီအကြောင်းတွေ တွေးမိတိုင်း မျက်ရည်တွေက မငိုဘဲ ကျကျလာတယ်။ နွေမှ မငိုပဲ ဒီမျက်ရည်တွေ ဘာလို့ ကျရတာလဲ။ နွေ ဒီမျက်ရည်တွေကို မုန်းလိုက်တာ။ ဒါပေမဲ့ နွေ့မျက်ရည်တွေကို သုတ်ပေးမဲ့သူဟာ မေမေဖြစ်ဖို့ နွေ တိတ်တိတ်လေး မျှော်လင့်နေမိသေးတယ်။

       အခန်းထဲက လှုပ်ရှားသံ သဲ့သဲ့ကြားရပြီ။ မေမေ တရေးနိုးလာပြီထင်တယ်။ ခဏနေရင် မေမေ့ရဲ့ "မိနွေ မီးမှိတ်ပြီး အိပ်တော့။ မီတာခတွေ ဈေးကြီးတယ်" ဆိုတဲ့ အသံ၊ နွေ့ရဲ့ "ဟုတ်၊ နွေ ခုပဲ အိပ်တော့မှာ" ဆိုတဲ့ ပြန်ဖြေသံတွေ ကြားရပြီ။ နွေ့နေရာမှာ နှင်းသာဆိုရင် "သမီး အိပ်မပျော်ဘူးလား" မေမေ မေးမှာလားလို့ မဆီမဆိုင် တွေးမိသွားသေးတယ်။

       အိပ်ရာထဲ ၀င်တော့ မေမေ နွေ့ကို ချစ်မှာပါ၊ မေမေက နွေ့ကို ချစ်ပါတယ် ဆိုတဲ့ အတွေးနဲ့ မျက်စိမှိတ်ပြီး အိပ်ပျော်အောင် ကြိုးစားနေမိတယ်။ နွေ့ဘေးမှာ မေမေ တူတူလာအိပ်ပေးတယ်ဆိုတဲ့ အိမ်မက်တစ်ခုနဲ့ပေါ့။


ခိုင်သစ္စာ

No comments:

Post a Comment

ဟိတ် ... ဟိတ်
ဒီအတိုင်း လှည့်ပြန်မသွားရ
တစ်ခုခု ပြောခဲ့