ကချင်လွယ်အိတ်လေး
ပန်းနုကျောင်းသွားရန် အ၀တ်ဗီရိုရှေ့ ခြေစုံရပ်မိတိုင်း
အတွေးနက်လေ့ရှိသည်။ ဗီရိုညာဘက် အပေါ်ကန့်လေးထဲတွင် သူမ တန်ဖိုးထားသော
ပစ္စည်းများ သိမ်းထားလေ့ရှိသည်။ ထိုပစ္စည်းတွေထဲမှ ကချင်လွယ်အိတ်လေးကို သူမ
တန်ဖိုးအထားဆုံးဖြစ်သည်။ သူများအတွက်တော့ တန်ဖိုးမရှိသော
လွယ်အိတ်တစ်လုံးမျှသာ ဖြစ်သော်လည်း ပန်းနုအတွက်တော့ အဓိပ္ပါယ်ရှိလှသည်။
ကချင်လွယ်အိတ်လေးကို ပန်းနု၏အဘွား၊ မေမေ့၏ အမေ
ပေးခဲ့ခြင်းဖြစ်သည်။ ဘွားဘွားဆုံးခဲ့သည်မှာ မနက်ဖြန်ဆိုလျှင်
တစ်နှစ်ပင်ပြည့်တော့မည်။ ဘွားဘွားက ပန်းနုကို ဘွဲ့ဝတ်စုံဖြင့်
သိပ်မြင်ချင်သူဖြစ်သည်။ ပန်းနု ဒီမှာ တက္ကသိုလ်မတက်ဘဲ စင်ကာပူမှာ
ကျောင်းသွားတက်မည်ဆိုစဉ်က အပြင်းအထန်ကန့်ကွက်ခဲ့လေသည်။ ပန်းနုကို တပတ်လောက်
စိတ်ဆိုးကာ စကားမပြောဘဲ စိတ်ကောက်ပြခဲ့လေသည်။ နောက်ဆုံး
ပန်းနုစိတ်လျှော့ကာ ဒီမှာ ဘွဲ့ရတဲ့အထိ ကျောင်းဆက်တက်ပါမည်ဆိုမှ
စိတ်ကောက်ပြေခဲ့လေသည်။
ဘွားဘွားက အလွန်စိတ်ကြီးသော်လည်း စိတ်ဆိုးခဲသည်။
ဘွားဘွားမျက်နှာမှာ အမြဲပြုံးနေတတ်သည်။ ဘွားဘွားမှာ မြေး ၆
ယောက်ရှိသော်လည်း ပန်းနုကိုသာ အချစ်ပိုခဲ့သည်။ ပန်းနု
ဆယ်တန်းအောင်စာရင်းထွက်သောနေ့က ဘွားဘွား ပန်းနုကို ကချင်လွယ်အိတ်လေး
ဆုချခဲ့သည်။ ပန်းနုက "ဘွားဘွားကလည်း ကချင်လွယ်အိတ်ပဲလား" ဟု ပြန်မေးတော့
ဘွားဘွားက "ပန်းနုလေး အထဲကို ကြည့်လိုက်ဦး" ဟုပြန်ဖြေခဲ့လေသည်။
လွယ်အိတ်ထဲတွင် လက်စွပ်လေးတစ်ကွင်း။ လက်စွပ်က
ပန်းနုလက်နှင့်ကွက်တိ။ ထိုအချိန်တွင် ဘွားဘွားက "ပန်းနုလေး၊ ဒီလွယ်အိတ်ထဲက
လက်စွပ်လိုပဲ။ အပြင်ပန်းကိုကြည့်ပြီး ဘယ်တော့မှ မဆုံးဖြတ်နဲ့။
အပြင်ပန်းကြောင့် ပန်းနုလေး ဂရုမစိုက်ခဲ့ရင် အထဲက လက်စွပ်လေးကို
ပိုင်ဆိုင်ရမှာ မဟုတ်ဘူး" လို့ ပြောခဲ့တယ်။
ဟုတ်သည်။ ပန်းနုက အပြင်ပန်းသိပ်ကြည့်လွန်းသည်။ ဒါပေမဲ့
ဘွားဘွားရေ၊ ပန်းနု ပြောင်းလဲနေပါပြီ။ ဘွားဘွား သိပ်မြင်ချင်တဲ့
ဘွဲ့ဝတ်စုံနဲ့ ပန်းနုကို ဘွားဘွား မမြင်ရတော့ဘူးနော်။ လောကကြီးက
ရက်စက်လွန်းလှသည်။ ဘွားဘွား လည်ချောင်းကင်ဆာဖြစ်ပြီး ခြောက်လအကြာမှာ
ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ပန်းနုဘ၀ထဲက ဘွားဘွား
ထွက်သွားတယ်နော်။
ပန်းနုကို ဘွဲ့ဝတ်စုံနဲ့ မြင်ချင်တယ်ဆိုတဲ့ ဘွားဘွား၊ ပန်းနုကို
သိပ်ချစ်လွန်းတဲ့ ဘွားဘွား ခုတော့ ပန်းနုကို ထားခဲ့တာ တစ်နှစ်တောင်
ပြည့်တော့မယ်။ ဘွားဘွားရေ.. ပန်းနု ဘွားဘွား ဖြစ်စေချင်တဲ့ အတိုင်း
ဘွဲ့ရအောင် ကြိုးစားပါ့မယ်။ ဒါပေမဲ့ ပန်းနု ဘွဲ့ယူတဲ့ အချိန်ကို ဘွားဘွား
မမြင်နိုင်တော့ဘူးနော်။ ဒါပေမဲ့ ဘွားဘွားရဲ့ ၀ိညာဉ်ကတော့ ပန်းနုဘေးမှာ
ရှိနေပေးမယ်မလား။ ဒီအတွေးက မကောင်းမှန်းသိပါတယ်။ ဒါပေမဲ့ ပန်းနု
ဘွားဘွားကို မမေ့နိုင်သေးဘူး။ ဘွားဘွားနဲ့လည်း မခွဲချင်သေးဘူး။
"သမီး ပန်းနုရေ၊ မပြီးသေးဘူးလား " အောက်ထပ်က မေမေ့ခေါ်သံ
ကြားမှပင် ပန်းနုအတွေးတို့ ရပ်တော့သည်။ "လာပြီမေမေ" ဟုဆိုကာ
အောက်ထပ်ပြေးဆင်းပြီး ကျောင်းသို့ ထွက်လာသော်လည်း စိတ်တို့က
ကချင်လွယ်အိတ်လေးဆီမှာသာ။
ဘွားဘွားကို ပန်းနု မမေ့ခဲ့ပါဘူး ဘွားဘွား။
ခိုင်သစ္စာ