Monday, April 8, 2013

ဘ၀သမား


 ဘ၀သမား

နင်က ပုဇွန်ဆီပြန်ဟင်းနဲ့
ခံတွင်းပျက်ချိန်မှာ
ငါက ချဉ်ရည်ဟင်းနဲ့
ထမင်းမြိန်ခဲ့ဖူးတယ်။

နင်က ကားဆိုမော်ဒယ်မြင့်မှလို့
ဂျီကျနေချိန်
ငါက လွယ်အိတ်စလွယ်သိုင်းနဲ့
တစ်ရာတန် ဘတ်စ်ကား
တွယ်စီးခဲ့ဖူးတယ်။

အထပ်နှစ်ဆယ်က ကော်ဖီနဲ့မှ
နင်က ရေငတ်ပြေပေမဲ့
ရေသန့်တစ်ပုလင်း နှစ်ရာတည်းနဲ့
ငါ ရေငတ်ခြင်းကိစ္စ ဖြေရှင်းခဲ့တယ်။

အဲကွန်းခန်းထဲ
နင်လူးလိမ့်ချိန်မှာ
နွေးထွေးတဲ့ အမေ့ရင်ခွင်ထဲက
ကျောတစ်ခင်းစာ နေရာမှာ
ငါ့အိပ်စက်ခြင်းတွေ တည်ရှိခဲ့တယ်။

နင့်ရဲ့
သိန်းချီတဲ့ မုန့်ဖိုးတွေထက်
ငါ့ရဲ့ လစာ လေးသောင်းခွဲကို ပိုမက်တယ်။

နင်က နေရာတစ်ခုအတွက်
လေထီးနဲ့ ခုန်ဆင်းရပေမဲ့
ငါက ဘ၀ကို
လှေကားထောင်တက်ရသူ….

ဒီမှာ သူငယ်ချင်း….
ငါ့ကို မရှုတ်ချပါနဲ့။
ညည်းတွားလိုက်တာလို့ အပြစ်မတင်ပါနဲ့။
ငါ့နေရာ ငါ့ဘဝ
ငါ့အခက်အခဲ ငါ့အခြေအနေ
နင်ခြေစုံရပ်လို့ ၀င်ကြည့်လိုက်ပါ။
ပထမတစ်လှမ်းမှာတင် နင်ကျရှုံးသွားမှာ…..

ခိုင်သစ္စာ

1 comment:

  1. ဒီကဗျာလေးကို ဖတ်မိလိုက်တဲ့ အချိန်မှာ
    အစ်မကို အတော်လေး ချီးကျူးမိသွားတယ်
    ကျေးဇူးလည်း တင်မိတယ် ... တကယ်
    ဖတ်ပြီး အားအင်တွေ ရလာသလိုပဲ
    ဖြစ်တည်နေတဲ့ ကိုယ့်ဘဝကိုလည်း အားရကျေနပ်သွားတယ်
    ဒီကဗျာလေးအတွက် Thanks a million ပါ မ

    ReplyDelete

ဟိတ် ... ဟိတ်
ဒီအတိုင်း လှည့်ပြန်မသွားရ
တစ်ခုခု ပြောခဲ့